မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကွန်ရက်၏ ထုတ်ပြန်ကြေညာချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၈ )ရက်
ပြီးပြည့်စုံပြီး မျှတသည့် မူဝါဒများဖြင့် အပြန်အလှန် မှီခို နေကြသော မဲခေါင် ဒေသတွင်းရှိ နိုင်ငံများ၏ စုပေါင်း အင်အားကို တည်ဆောက်နိုင်ပါသည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ တွင် မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ ကွန်ရက် (MMN) မှ၊ မြင့်တက်လာသည့် နိုင်ငံခြားသား မုန်းတီးစိတ်နှင့် ခွဲခြား ဆက်ဆံမှု များကို တွန်းလှန်ရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို အကာအကွယ် ပေးနိုင်သော ပြီးပြည့်စုံသည့် မူဝါဒများ ရေးဆွဲရန် သက်ဆိုင်သူများအားလုံးကို တောင်းဆိုလိုက်ပါသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏ ကြိုးစားအားထုတ်မှုအပေါ် မှီခိုအားထားနေရသည်။ ၄င်းတို့၏ ဆယ်စုနှစ်များစွာ ပံ့ပိုးကူညီမှုများအပြင် အရေးပေါ် အလုပ်သမားပြတ်လပ်မှုကို ဖြည့်ဆည်းပေးနေသော်လည်း ရွှေ့ပြောင်းအလုပ်သမားများအား ယာယီနှင့် အရေးမပါသော သူများအဖြစ် ဆက်လက်သတ်မှတ်ခံထားကြရသည်။ တရားဝင် အထောက်အထားများ ရရှိရန် ခက်ခဲမှုများ၊ အလုပ်သမားများအား ယာယီ အဖြစ်သာ သတ်မှတ်မှုများနှင့် ပုံမှန်မဟုတ်သည့် လုပ်ငန်းခွင်များမှ အလုပ်သမားများအား လူမှုဖူလုံရေးစနစ်မှ ချန်လှပ်ထားခြင်းတို့သည် သန်းပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများအား အကာအကွယ်မဲ့ ဖြစ်စေသည်။
မဲဆောက်နှင့် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သော မိမိတို့၏ကွန်ရက်အဖွဲ့ဝင်ဖြစ်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ကုန်ကျစရိတ်များပြားခြင်းနှင့် ရှုပ်ထွေးသောလုပ်ငန်းစဉ်များကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်အထောက်အထားများ ရရှိထားမှုအခြေအနေကို ဆက်လက် ထိန်းသိမ်ထားရန် ခက်ခဲစေကြောင်း တင်ပြသည်။ မကြာသေးမီက ရေကြီးမှုဖြစ်စဉ်အတွင်း၊ ဟတ်ယိုင်မြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏စာရွက်စာတမ်းများ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကို ရင်ဆိုင်ခဲ့ကြရသည်။
ချင်းမိုင်နှင့် မဲဆောက်တွင် အခြေစိုက်သည့် MMN ၏ အဖွဲ့ဝင်ဖြစ်သော MAP ဖောင်ဒေးရှင်းမှလည်း အဆိုပါ စိုးရိမ်မှုများအား ထပ်လောင်း အတည်ပြုခဲ့သည်။ ၄င်းတို့၏ အသံလွင့် ရေဒီယိုလိုင်း နားဆင်သူ တစ်ဉီးမှ ယခုကဲ့သို့ မှတ်ချက် ပြုခဲ့သည်။
“ကျနော့် အလုပ်ရှင်က ကျနော့်ကို အထောက်အထား မလုပ်ပေးဘူး။ အထောက်အထား လုပ်ဖို့လည်း ပွဲစား ငှါးဖို့ ပြောတယ်။ ကျနော်က လူမှုဖူလုံရေး ပုံမှန် ထည့်နေတယ်။ ဒါပေမယ့် ကျနော့် လူမှု ဖူလုံရေးကို အလုပ်ရှင်ကိုယ်တိုင်က စာရင်း သွင်းပေးထားတာလားတော့ သေချာ မသိဘူး။”
ရွှေ့ပြောင်းအလုပ်သမားအများအပြားသည် ချေးငွေများရယူကာ အထောက်အထား ပြုလုပ်ကြရသည်။ အချို့ ရွှေ့ပြောင်း အလုပ်သမားများက ပြီးခဲ့သည့်နှစ်တွင် အထောက်အထားပြုလုပ်ရန် ရယူထားသော ချေးငွေများကို မပေးဆပ်ရသေးသည့်အပြင် ယခုနှစ်တွင်လည်း ထပ်မံပေးဆပ်ရ မည်ဖြစ်ကြောင်း MAP Foundation သို့ ပြောကြားခဲ့သည်။ ၎င်းတို့ရရှိသည့် လုပ်အားခနှင့် နှိုင်းယှဉ်ပါက အထောက်အထားရရှိရန် ကုန်ကျစရိတ် များလွန်းပြီး ရလဒ်အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များကို ထောက်ပံ့နိုင်ခြင်း မရှိကြတော့ပေ။
မဲဆောက် အခြေစိုက် MMN အဖွဲ့ဝင်ဖြစ်သည့် ရောင်ခြည်ဉီး အလုပ်သမားများအဖွဲ့ (YCOWA) က အလုပ်ရှင်များမှ မြန်မာ ရွှေ့ပြောင်း လုပ်သားများအပေါ် အခွင့်ကောင်းယူမှု များပြားလာကြောင်း တွေ့ ရသည်။ အလုပ်ရှင်များမှ ၄င်းတို့၏ တာဝန်များကို ရှောင်ရှား နိုင်ရန်အတွက် အလုပ်သမားများအား တစ်လခြင်း စာချုပ် ချုပ်ဆိုမှုများပြား လာနေသည်။ မရေရာမှု များပြားလာသည့် လုပ်ငန်းအခြေအနေနှင့် ပတ်သက်ပြီး မဲဆောက် အထည်ချုပ်စက်ရုံမှ အမျိုးသမီး အလုပ်သမား တစ်ဉီးက-
“အခုဆိုရင် ကျမတို့ အချိန် မရွေး အလုပ်ထုတ် ခံရနိုင်တယ်။ သူတို့ စိတ်ကြိုက် အလုပ်ထုတ် လို့ ရနေတယ်။ တခါတလေ အော်ဒါ မရှိဘူးလို့ အကြောင်းပြတာ ရှိသလို၊ အလုပ်ဝင်တာ (၂) မိနစ် နောက်ကျလို့ အလုပ်သမား (၁၀) ယောက် အလုပ်ထုတ်ခံ ရတာတွေ ရှိတယ်။ ကျမတို့ မနက်ပိုင်း ပုံမှန် အလုပ်လုပ်နေပြီး၊ ညနေပိုင်းကျ အလုပ်ထုတ်ခံ ရနိုင်တယ်။”
“ကျမတို့ အလုပ်ထုတ်ခံ ရတဲ့အခါ၊ ကျမတို့ ရမယ့် လုပ်အားခ ပြန်ရဖို့ နောက်လကုန်အထိ စောင့်ခိုင်းတာ တွေ ရှိတယ်။ အလုပ်ထုတ်စာ လည်းမပေးဘူး။ ကျမတို့က ကိုယ့်သဘောနဲ့ ကိုယ် အလုပ်ထွက်ပါတယ် ဆိုပြီး မဟုတ်မမှန် ရေးထားတဲ့စာမှာ အတင်းအကြပ် လက်မှတ် ထိုးခိုင်းတယ်။ ကျမတို့ မသိရပဲ ကျမတို့ရဲ့ အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေလည်း ဖြတ်သိမ်း ခံရတယ်။ ကျမတို့ သိတဲ့ အချိန်ကျတော့ အရမ်းကို နောက်ကျနေပြီ။ အလုပ်မရှိ၊ အထောက်အထား မရှိပဲ နေရတာ အရမ်းကို ခက်ခဲ ပါတယ်။”
အကြံပြုချက်
ယနေ့ ကျရောက်သည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ တွင် မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာကွန်ရက် (MMN) မှ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် မတူကွဲပြားပဲ ပိုမို ကျယ်ပြန့်သည့် လူမှုအသိုင်းအဝိုင်း ဖြစ်လာနိုင်ရန် သက်ဆိုင်သူများအားလုံး အားသွန်ခွန်စိုက် ဆောင်ရွက်ရန် တိုက်တွန်း လိုက်ပါသည်။ မိမိတို့မှ ထိုင်းနိုင်ငံ အစိုးရအား-
- အလုပ်သမား စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူ လက်လှမ်းမှီစေရေးနှင့် ပိုမို သက်သာစွာ လုပ်ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်ရန်။
- အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကို အနည်းဆုံး (၂) နှစ် သက်တမ်းတိုး ပေးရန်နှင့်
- အလုပ်သမား အကာအကွယ်ပေးရေး ဉပဒေ B.E ၂၅၄၁ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေး များကို အကာအကွယ် ပေးရန်။
| မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက်
မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ယက် (MMN) ကို ၂၀၀၃ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ပြီး ရွှေ့ပြောင်းလုပ်သားများအား ပံ့ပိုးကူညီနေသော NGO များ၊ အခြေခံရွှေ့ပြောင်း လုပ်သားအဖွဲ့အစည်း များနှင့် သုတေသနအင်စတီကျူးရှင်းများ ပါ၀င်ဆောင် ရွက်လျက်ရှိသော ဒေသဆိုင်ရာကွန်ယက် တစ်ခုဖြစ်သည်။ MMN၏ အဓိကရည်မှန်းချက်သည် မဟာမဲခေါင် ဒေသခွဲ(GMS) အတွင်းရှိ ရွှေ့ပြောင်းလုပ်သားများ၏ လူမှုဖူလုံရေး၊ ကောင်းမွန်စွာနေထိုင်နိုင်ရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ပေးရန်ဖြစ်ပြီး ထိုဒေသခွဲရှိ ရွှေ့ပြောင်း လုပ်သားများနှင့် စည်းရုံးလှုံ့ဆော်သူများအကြား အပြန်အလှန်ထောက်ပံ့မှုနှင့် စည်းလုံးညီ ညွတ်မှုများကို တည်ဆောက်ရန်လည်းဖြစ်သည်။ အဆိုပါရည်မှန်းချက်များ ဖြစ်မြှောက်နိုင်ရေးအတွက် MMN သည် သုတေသန၊ စည်းရုံးလှုံ့ဆော်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ကွန်ယက်ချိတ်ဆက်မှုများကို ပူးတွဲလုပ်ဆောင်လျက်ရှိသည်။ ဆက်သွယ်ရန် Ms. Reiko Harima, MMN Regional Coordinator (English and Japanese) at: reiko@mekongmigration.org Mr. Artid Pabun, MMN Advocacy and Research Coordinator (Thai and English) at: artid@mekongmigration.org or on +66 (0)53283259 Mr. Brang Aung Ja, MMN Advocacy and Communication Officer (English and Burmese) at: brangaungja@mekongmigration.org or on +66 (0)53283259 |
