(The Irrawaddy) ချင်းမိုင်တက္ကသိုလ်တွင် မြန်မာရွှေ့ပြောင်းအရေး ဆွေးနွေး

ဧရာဝတီ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၄
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်တက္ကသိုလ် RCSD (The Regional Center for Social Science and Sustainable Development ) နှင့် Mekong Migration Network တို့ပူးပေါင်း၍ ထိုင်းနိုင်ငံသို့ ရောက်လာကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်သည့် ဆွေး‌နွေးပွဲ နှင့် ပြပွဲကို ချင်းမိုင်တက္ကသိုလ်ရှိ Faculty of Social Sciences တွင် ယနေ့ ပြုလုပ်သည်။
Mekong Migration Network မှ Ms. Reiko Herima က “လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာတွေက အရမ်းကိုဆိုးလာတယ်။ အဲဒါကြောင့် ကျမတို့တွေအနေနဲ့ အရမ်းပဲစိုးရိမ်တယ်။ နောက်ပြီးပိုဆိုးလာတာက ရွှေ့ပြောင်းအလုပ်သမားတွေ အခွန်ဆောင်ရတာနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို မြန်မာတွေ ပိုပိုရောက်ရှိလာတဲ့အကြောင်းကို ထိုင်းလူထုတွေအနေနဲ့ ပိုပြီးသိလာအောင်နဲ့ ချင်းမိုင်တက္ကသိုလ်မှာ လုပ်ရခြင်းအကြောင်းက ထိုင်းကျောင်းသားတွေ သိလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ပြပွဲကို Neighbors in Need; Migration from Myanmar ဟု အမည်ပေးထားပြီး ဒီဇင်ဘာ ၁၈ ရက်မှ ၂၆ ရက်အထိ တပတ်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ချင်းမိုင်၊ ဖန်င၊ စမုဆာခွန်၊ စံခလဘူရီမြို့များရှိ ရွှေ့ပြောင်းလုပ်သားများ၏ မတူညီသည့် ဇာတ်လမ်းများ၊ ဓာတ်ပုံများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ- ချင်းမိုင်တက္ကသိုလ်ရှိ Faculty of Social Sciences တွင် ယနေ့ကျင်းပသော မြန်မာရွှေ့ပြောင်း လုပ်သားအရေး ဆွေး‌နွေးပွဲ နှင့် ပြပွဲ/ IRW