မဲခေါင် မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက်၏ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့အတွက် ထုတ်ပြန်ချက်

မဲခေါင် မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက်၏ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့အတွက် ထုတ်ပြန်ချက်

မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်သူများ

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ တွင် မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ ကွန်ရက် (Mekong Migration Network – MMN) မှ အာဏာသိမ်းကာလအလွန် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသော ရွှေ့ပြောင်း နေထိုင်သူများနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ အစိုးရ၏ မူဝါဒများကို ပြန်လည် သုံးသပ်ရန် တိုက်တွန်းလိုက်သည်။ ရွှေ့ပြောင်း နေထိုင်သူများ၏ အခွင့်အရေးများကို မြင့်တင်ကာ အကာအကွယ်ပေးနေသည့် လူမှုအဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခုအနေဖြင့် ယခု ဖြစ်ပေါ်နေသော အကြောင့်အမျိုးမျိုးကြောင့် ရွှေ့ပြောင်း သွားလာခြင်းနှင့် ပတ်သက်သည့် ရှုပ်ထွေးသော အခြေအနေများကို အလုံးစုံ ပါဝင်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်ရန် တိုက်တွန်းလိုက်ပါသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ စီးပွားရေး ပြိုလဲမှုများနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများသည် များစွာသော မြန်မာနိုင်ငံသားများအား နယ်စပ် ဖြတ်ကျော်ကာ လုံခြုံမှု၊ ရှင်သန်မှုနှင့် ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကြောင်းမှု အခွင့်အလမ်းများ ရှာဖွေရန် တွန်းအား ဖြစ်စေသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အတွင်း၊ နယ်စပ် ဒေသများရှိ ထိုင်းနိုင်ငံသား မဟုတ်သူများမှ ခန့်မှန်း (၅) ဉီးလျှင် (၁) ဉီးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ရောက်ရှိလာကြသူများ ဖြစ်ကြသည်။[1] ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေခဲ့သည့် အကူအညီ လိုအပ်နေသည့် အိမ်နီးချင်း နိုင်ငံ – အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်ခြင်းအပေါ် ထိုင်းနိုင်ငံ၏ တုံ့ပြန်မှုအား ဆန်းစစ်ထားသည့် MMN ၏ လေ့လာချက် – တွေ့ရှိချက်အရ အဆိုပါ ရွှေ့ပြောင်း နေထိုင်သူများသည် သေချာ ရေရာမှု မရှိသည့် ကံကြမ္မာ နှင့် ကြုံတွေ့နေကြရသည်။ စီးပွားရေး ကျဆင်းမှု ဖြစ်စေသည့် အဆုံးမသတ် နိုင်သေးသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွှေ့ပြောင်း နေထိုင်သူများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် အခြေချနိုင်ရန် အလားအလာ နည်းပါးလွန်း နေသည်။

အဆိုပါ ရွှေ့ပြောင်း နေထိုင်သူများ၏ အခြေအနေကို ပြန်လည် ကုစား နိုင်ရန်အတွက် အလုံးစုံ ပါဝင်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ထိုင်းနိုင်ငံအတွင်း ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကြောင်းမှုများ ပြုလုပ်နိုင်ရန် အခွင့်အရေးများ ရရှိသင့်သည့် “ယာယီ ခုလှုံရေး စခန်း” များတွင် ခိုလှုံနေကြသူများ အပါအဝင် ထိုင်း-မြန်မာ နယ်စပ် ဒေသရှိ ရွှေ့ပြောင်း နေထိုင်သူများအတွက် လူသားချင်း စာနာသည့် အကူအညီများ အရေးတကြီး လိုအပ်နေပါသည်။ ကူညီထောက်ပံ့မှုများ အမှန်တကယ် လိုအပ်သူများသို့ ရောက်ရှိနိုင်ရန် နယ်စပ် ဖြတ်ကျော် ကွန်ရက်များနှင့် ပတ်သက်ပြီး ရာစုနှစ်များစွာ အတွေ့အကြုံရှိကြသည့် ဒေသခံ လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အလှူရှင်များနှင့် အစိုးရ ဌာနများ အချင်းချင်း ပိုမိုကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် အရေးကြီးလှသည်။

ယေဘုယျအားဖြင့်၊ အသစ် ထပ်မံ ရောက်ရှိလာသည့် ရွှေ့ပြောင်း နေထိုင်သူများအား အထောက်အထားပြုလုပ် ပေးနိုင်ရန်အတွက် မူဝါဒပြင်ဆင်ပြောင်းလဲရေးသည် အဓိက ဉီးစားပေးဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံအတွင်း ရောက်နှင့်ပြီးသော ရွှေ့ပြောင်း နေထိုင်သူများအတွက် ညှာတာမှုများ အတိုင်းအတာ တစ်ခုအထိ ပေးထားသော်လည်း၊ မြန်မာနိုင်ငံမှ အသစ် ထပ်မံ ရောက်ရှိလာသည့် ရွှေ့ပြောင်း နေထိုင်သူများနေဖြင့် အ‌ထောက်အထားများ ရရှိရန် ရုန်းကန် နေကြရဆဲ ဖြစ်သည်။ ရွှေ့ပြောင်း နေထိုင်သူများ အထောက်အထား မရှိပါက၊ ရှိရင်းစွဲ အန္တရာယ်များ ဖြစ်သည့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် အတင်းအကြပ် နေရပ် ပြန်လည် ပို့ဆောင်ခြင်းများ ကြုံတွေ့ နေကြရသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် အလုပ်ခွင်အတွင်း ခေါင်းပုံဖြတ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန် အခက်အခဲများ ရှိနေကြပြီး လူ့ဂုဏ်သိက္ခာနှင့် ပြည့်ဝသည့် လူနေမှု ဘဝ ရရှိနိုင်ရန် ခက်ခဲ ကြပါသည်။

အကြံပြုချက်များ

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့တွင်၊ MMN မှ ထိုင်းနိုင်ငံတော် အစိုးရအား အလုံစုံပါဝင်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်နိုင်ရန် အောက်ပါ အကြံပြုချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပါသည်။

၁။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ခိုလှုံရန်ဖြစ်စေ၊ အလုပ်အကိုင် ရရှိရန် ဖြစ်စေ၊ ရောက်ရှိလာကြသူများကို ဖန်းဆီးခြင်းနှင့် အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းကို ရပ်တန့်ပေးရန်။ နေရပ်ပြန်ပို့မှု ပြုလုပ်ရန် ရှိပါက အတင်းအကြပ် မဖြစ်စေပဲ ကြိုတင် သဘောတူညီမှု ရယူရန်။ မြန်မာနိုင်ငံကို စွန့်ခွာပြီး နေရပ်သို့ အခြေအနေသွားရောက် လေ့လာလိုသူများ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာလျှင် ပစ်ဒဏ်ပေးမှု မရှိစေရန်။

၂။ မြန်မာ တပ်မတော်၏ အန္တရာယ်မှ ဘေးကင်းလုံခြုံပြီး ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများ လက်လှမ်းမှီသော နေရာများတွင် လုံလောက်သော နေရာထိုင်ခင်း၊ အစားအသောက်များနှင့် အခြေခံ လိုအပ်ချက်များ ချက်ချင်း ပေးအပ်ရန်။

၃။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံအဆင့် အဖွဲ့အစည်းများ၊ ဌာနေ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ ရွှေ့ပြောင်း နေထိုင်သူများ အဖြစ်သော်လည်းကောင်း မြန်မာနိုင်ငံ အခြေအနေကြောင့် သော်လည်းကောင်း အထူး အကာအကွယ်ပေးရန် လိုအပ်သည့် မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ရွှေ့ပြောင်း နေထိုင်သူများအား ဆန္ဒအလျောက် ပါဝင်နိုင်သည့် လိုအပ်ချက် ဆန်းစစ်မှု စစ်တမ်းပြုလုပ်ရန်။

၄။ ထိုင်းနိုင်ငံအတွင်း နေထိုင်နိုင်ရန်၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင် ရရှိနိုင်ရန်အပြင် ထိုင်းနိုင်ငံအတွင်း သွားလာခွင့်ရှိသည့် အထောက်အထားများ ပေးအပ်ရန်။

၅။ အပြည်အပြည်ဆိုင်ရာ အေဂျင်စီများ၊ သံရုံးများနှင့် ညှိနှိုင်းကာ လိုအပ်သည့် မြန်မာနိုင်ငံသားများကို တတိယနိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ရန်။

နိဂုံးချုပ် အနေဖြင့်၊ ထိုင်းနိုင်ငံ အစိုးရမှ သံသမန် ရေးရာ ဆောင်ရွက်မှုများအား အဆင့်မြင့်တင်ကာ ASEAN အဖွဲ့ဝင် နိုင်ငံများအပြင် ပိုမိုကျယ်ပြန့်သည့် အခြား နိုင်ငံတကာ အတိုင်းအဝန်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျ အရပ်သား အစိုးရ ပြန်လည် ပေါ်ထွန်းလာရေး ကူညီဆောင်ရွက်ခြင်းဖြင့် ယခု ဖြစ်ပွားနေသည့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်ခြင်း နှင့် ၎င်း၏ ရင်းမြစ် ပြဿနာများကို ကူညီ ဖြေရှင်းပေးရန် တိုက်တွန်းလိုက်ပါသည်။

[1] Figures cited in IOM, “Mobility Tracking Myanmar Migrants”, October 2023, accessible at https://reliefweb.int/report/thailand/iom-mobility-tracking-myanmar-migrants-october-2023.