(ထုတ်ပြန်ကြေငြာချက်) မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အကျပ်အတည်း – ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ၏ လူ့အခွင့်အရေးများအား အကာအကွယ်ပေးခြင်း

မဲခေါင်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကွန်ယက်
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်

မြန်မာနိုင်ငံမှ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ အကျပ်အတည်း –
ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ၏ လူ့အခွင့်အရေးများအား အကာအကွယ်ပေးခြင်း

မိမိဆန္ဒအလျောက် ရွှေ့ပြောင်းသွားလာခြင်းများနှင့် လူနည်းစုသာ ခရီးသွားလာမှုများ ပြုလုပ်နေသည့် လက်ရှိအချိန်တွင် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများသည် မိမိတို့ အသက်ရှင် ရပ်တည်နိုင်ရန်နှင့် ဘေးလွတ်ရန်အတွက် အတင်းအကျပ်ရွှေ့ပြောင်း တိမ်းရှောင်မှုများ ပြုလုပ်နေကြရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းပိုက်လိုက်ပြီး အကျည်းတန်သည့် စစ်အာဏာရှင်စနစ် စတင်လိုက်သည့်   ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ (၁) ရက်နေ့ မှစ၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေးသူငယ်များ စုစုပေါင်း ၃၈၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ ထောင်နှင့်ချီသည့် ပြည်သူများသည် တိုက်ပွဲများနှင့် မတရား ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်ရန်နှင့်၊ ၎င်းတို့အပြင် ၎င်းတို့၏ မိသားစုများ ငတ်မွတ် ခေါင်းပါးခြင်းနှင့် ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် နိုင်ငံတကာ နယ်စပ်မျဉ်းများကို ဖြတ်ကျော် ခဲ့ကြရသည်။

မြန်မာနိုင်ငံ အကြမ်းဖက် စစ်အစိုးရကြောင့်၊ ပြည်တော်ပြန်လာမည့် မည်သူတဉီးတယောက်၏ လုံခြုံမှုကိုမျှ အာမခံနိုင်ခြင်း မရှိပေ။ သို့ဖြစ်၍ မြန်မာနိုင်ငံ နယ်နမိတ် ဖြတ်ကျော်ပြီးသူများ အားလုံးအတွက် နိုင်ငံတကာ ဉပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတင်းအကြပ် နေရပ်ပြန်မပို့ရေးမူကို ကျင့်သုံးရမည်ဖြစ်သည်။

 မိမိတို့ မဲခေါင် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကွန်ယက်မှ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ နေ့တွင် အောက်ပါအချက်များအား တောင်းဆိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ-

  • လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံမူ များနှင့်အညီ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူအားလုံးကို လက်ခံရန်နှင့် အကာအကွယ်ပေးရန်
  • မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် အတင်းအကြပ်ရွှေ့ခိုင်းခြင်းများကို ရပ်ဆိုင်းရန်
  • တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရန် လျှောက်ထားပြီး အရည်အချင်းပြည့်မီသူများအား UNHCR၊ IOM နှင့် သံရုံးများမှ ပံ့ပိုးကူညီနိုင်ရေး စီစဉ်ဆောင်ရွက်ရန်

နိုင်ငံတကာအသိုင်းအဝန်းမှ-

  • မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများမှ ထွက်ပြေးတိမ်းရှောင် လာသူများအတွက် အကာအကွယ်များ၊ အရေးပေါ်နေထိုင်ရန် နေရာများ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးကုသမှုများ စီစဥ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ငွေကြေးပံ့ပိုးမှုနှင့် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ရန်

နိုင်ငံတကာနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ-

  • မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာနေရသူများအတွက် နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအား ချက်ချင်းပေးအပ်ရန်

ASEAN နှင့် UN မှ-

  • မြန်မာနိုင်ငံမှ အတင်းအကြပ်ရွှေ့ပြောင်းခြင်းကိုဖြစ်စေသည့် အဓိက အခြေခံအကြောင်းအရင်း ကို ဉီးစားပေး ကိုင်တွယ်ဖြေရှင်းရန်

 

မဲခေါင်ဒေသ ရွှေ့ပြောင်းသွားခြင်းဆိုင်ရာ ကွန်ယက်အဖွဲ့ဝင်များမှ၊ မဲခေါင် ဒေသတွင်း မြန်မာနိုင်ငံမှ တိမ်းရှောင် ထွက်ပြေးလာသူများ၏ အဓိကဆိုက်ရောက်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံအနေဖြင့် ထွက်ပြေး ရောက်ရှိလာသူများ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် စာနာမှုနှင့် လက်တွေ့ကျသည့် တုန့်ပြန်မှုများ ဆောင်ရွက်ရန် တိုက်တွန်း အပ်ပါသည်။

‌ရောက်ရှိလာကြသော ရွှေ့ပြောင်းနေထိုင်သူများအား ဒုက္ခသည်ဖြစ်ခြင်း သို့မဟုတ် ရွှေ့ပြောင်း လုပ်သားဖြစ်ခြင်းများကို စီစစ်ကာ စာရင်းသွင်းခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းများ စီစဉ် ဆောင်ရွက်ပေးရန် သာမက ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ သီးခြား ထားရှိခြင်းနှင့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးကာ လိုအပ်ပါက အရေးပေါ် ကူညီမှုများဖြစ်သည့် နေထိုင်ရန် နေရာပြင်ဆင်ပေးခြင်း၊ အဝတ်အထည်များ၊ အစားအသောက်များနှင့် လုံခြုံသော နေရာများ ပြင်ဆင်ပေးရန်။

စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရှိသူများ၊ မသန်စွမ်းများအပြင် ထိခိုက်အလွယ်ဆုံး သူများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများကို အထူးဆောင်ရွက်ပေးရန်။

လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေးသူငယ်များမှ အနီးစပ်ဆုံး လွတ်လမ်းကို အသုံးပြုနိုင်ရန်နှင့်၊ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပါက လက်ခံ ထားရှိရန်။

ထိုင်းနိုင်ငံတွင်း လုပ်သားမလုံလောက်မှု ကြုံတွေ့နေရကာ တိုင်းပြည်ပြန်လည်ဖွင့်ပေးလိုက်ခြင်းကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများတွင် လုပ်သား ပိုမိုလိုအပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေထိုင်သူများ ဝင်ငွေ၊ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာ ရှိသည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ လုပ်သား လိုအပ်ချက်များကို ဖြည့်တင်း ပေးနိုင်မည်ဖြစ်သည်။ ဝင်ငွေရသည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ရခြင်းကြောင့် ထိုင်းနိုင်ငံ အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝန်းအပေါ် မှီခိုမှုများလည်း လျှော့နည်း စေမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခြင်းကြောင့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခံရခြင်းများအား နေ့စဉ်နှင့်အမျှ သတင်းမီဒီယာများမှတဆင့် သိရှိရပါသည်။ အဖြစ်မှန်မှာ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသားများအတွက် ရွေးချယ်ရန် နည်းလမ်း နည်းပါးလွန်းခြင်းကြောင့် ပွဲစားများနှင့် မှောင်ခိုများ မှတဆင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်နေကြရသည်။ မှောင်ခိုဖြင့် သွားလာခြင်းမှာ လျို့ဝှက် ဆောင်ရွက် ရခြင်းကြောင့် ရွှေ့ပြောင်း နေထိုင်သူများ၏ အသက်အန္တရာယ် စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။ မှောင်ခိုဖြင့် သွားလာရမည့် အခြေအနေများကြောင့် လူကုန်ကူးသူများမှ အဆိုပါအခြေအနေအား အခွင့်ကောင်းယူမှုများ ဖြစ်ပေါ်စေနိုင်သည်။

ထိုင်းနိုင်ငံအစိုးရမှ လုပ်သားသစ်များအား MOU စနစ်ဖြင့် ပြန်လည်လက်ခံရန် ကြိုးပမ်းမှုအား ကြိုဆို ထောက်ခံပါသည်။ သို့သော်၊ ထိုင်းနိုင်ငံတွင် လုံခြုံမှုနှင့် အသက်မွေး ဝမ်းကြောင်းမှု လိုအပ်နေသူ အများစုမှ အဆိုပါ စနစ်အား လက်လှမ်းမှီနိုင်မှု မရှိသည့်အတွက် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလ မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်သွားကြသူများအား ၎င်းတို့ရှိနှင့်ပြီး အထောက်အထားများ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့်ပေးခြင်းသည် လိုအပ်နေသူများအတွက် ပိုမိုထိရောက်သည့် ဆောင်ရွက်ချက်ဖြစ်မည် ဖြစ်သည်။

မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် ရှုပ်ထွေးသည့် အခြေအနေများနှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အား အသိအမှတ်ပြုသောအားဖြင့်၊ နယ်စပ် ဖြတ်ကျော်လာသူအားလုံး၏ လူ့အခွင့်အရေးကို အလေးထားကာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများနှင့် ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေမှန်အား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် လက်တွေ့ကျသည့် ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ပါရှိသော သုတေတနစာစောင်အား လာမည့် နှစ်သစ်တွင် ထုတ်ပြန်သွားရန်ရှိပါသဖြင့် မိမိတို့၏ ဝက်ဆိုဒ် စာမျက်နှာ (www.mekongmigration.org) တွင် ဝင်ရောက်ဖတ်ရှုနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

___________________________________

မဲခေါင်ရွှေ့‌ပြောင်းသွာြခင်းဆိုင်ရာကွန်ယက် (MMN)ကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ‌ရွှေ့‌ပြောင်းလုပ်သားများအား ပံ့ပိုးကူညီနေသော NGOများ၊ အခြေခံ‌ရွှေ့‌ပြောင်းလုပ်သားအဖွဲ့အစည်း များနှင့် သုတေသနအင်စတီကျူးရှင်းများ ပါ၀င်ဆောင် ရွက်လျက်ရှိသော ဒေသဆိုင်ရာကွန်ယက် တစ်ခုဖြစ်သည်။ MMN၏ အဓိကရည်မှန်းချက်သည် မဟာမဲခေါင် ဒေသခွဲ(GMS) အတွင်းရှိ ရွှေ့‌ပြောင်းလုပ်သားများ၏ လူမှုဖူလုံရေး၊ ကောင်းမွန်စွာနေထိုင်နိုင်ရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ပေးရန်ဖြစ်ပြီး ထို‌ဒေသခွဲရှိ ရွှေ့ပြောင်းလုပ်သားများနှင့် စည်းရုံးလှုံ့ဆော်သူများအကြား အပြန်အလှန်ထောက်ပံ့မှုနှင့် စည်းလုံးညီ ညွတ်မှုများကို တည်ဆောက်ရန်လည်းဖြစ်သည်။ အဆိုပါရည်မှန်းချက်များ ဖြစ်မြှောက်နိုင်ရေးအတွက် MMN သည် သုတေသန၊ စည်းရုံးလှုံ့ဆော်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ကွန်ယက်ချိတ်ဆက်မှုများကို ပူးတွဲလုပ်ဆောင်လျက်ရှိသည်။

ဆက်သွယ်ရန်အချက်အလက်

အချက်အလက်များပိုမိုသိရှိလိုပါက၊ အောက်ပါပုဂ္ဂိုလ်ကိုဆက်သွယ်နိုင်သည် –

Ms. Reiko Harima, MMN Regional Coordinator, at reiko@mekongmigration.org (အင်္ဂလိပ်ဘာသာ (သို့) ဂျပန်ဘာသာ) (သို့) WhatsApp +852 93692244;

Ms. Wichita Jantawong, MMN Project Coordinator (ထိုင်းဘာသာ နှင့် အင်္ဂလိပ်ဘာသာ) : wichitra@mekongmigration.org.

___________________________________

Download PDF: English, Thai, Burmese